
ကမ္ဘာ့စင်မြင့်ထက်က အမေ့လျော့ခံမြန်မာနဲ့ တိတ်ဆိတ်ခံလိုက်ရတဲ့ မြန်မာလူငယ်တွေရဲ့အသံများ
“No one is really free until everyone is free” ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒီစကားကို ကျွန်တော် အမှန်တကယ်ပဲ ယုံကြည်ပါတယ်။ လွတ်မြောက်မှု (freedom) နဲ့ အခွင့်အရေး (right) ဆိုတဲ့အကြောင်းတွေပြောကြတဲ့အခါ ကျွန်တော်တို့ဟာ ကမ္ဘာမှာ hot topic ဖြစ်မနေတဲ့၊ မိန်းစထွင်းမီဒီယာရဲ့ စာမျက်နှာတွေပေါ် ရောက်မလာတဲ့ အရေးကိစ္စတွေအကြောင်းကို အမြဲတစေ မေ့လျော့နေတတ်ကြတယ်။ အဲ့ဒီထဲမှာ ကျွန်တော်မွေးရပ်မြေဖြစ်တဲ့ မြန်မာနိုင်ငံလည်း ပါပါတယ်။
မြန်မာနိုင်ငံက ပြဿနာတွေအကြောင်း အကျဉ်းချုံးပြန်ပြောပြရရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရွေးကောက်ခံအစိုးရကို မြန်မာစစ်တပ်ကဖြုတ်ချပြီး အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းကစလို့ သန်းနဲ့ချီတဲ့ လူတွေ ငြိမ်းချမ်းစွာဆန္ဒပြတာကို သေနတ်နဲ့ ပစ်တာ၊ ဒီလိုနဲ့ လူငယ်တွေအများအပြား တောခိုပြီး လက်နက်ကိုင်တပ်ဖွဲ့တွေဖွဲ့ကာ ပြန်လည်တော်လှန်တာ တွေဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ဒီပြဿနာတွေဟာ (၅)နှစ်ထဲကို ဝင်ခဲ့ပါပြီ။ ဒီလိုအချိန်ကြာလာတာနဲ့ အမျှ မြန်မာစစ်တပ်ဟာ သူအုပ်စိုးထားနိုင်တဲ့ နယ်မြေဒေသတွေမှာ လူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်တွေကို ဆိုးဆိုးဝါးဝါးဖိနှိပ်ထားခဲ့ပါတယ်။ ဒါ့အပြင် မရေတွက်နိုင်လောက်တဲ့ အပြစ်မဲ့ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ မဟုတ်မမှန်စွပ်စွဲပြီး ထောင်ချနှိပ်စက်တာ၊ လူမဆန်လောက်တဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်တာ စတာတွေ လုပ်ဆောင်နေခဲ့ပါတယ်။ UNHCR ရဲ့ အဆိုအရဆိုရင် နိုင်ငံတွင်းစစ်ဘေးရှောင်နေရတဲ့ IDP အရေအတွက်တင် ၃ သန်းကျော်ရှိနေပြီး၊ တခြားနိုင်ငံတွေမှာ ဒုက္ခသည် (သို့) ခိုလှုံနေရတဲ့သူ ၁.၂ သန်းခန့် ရှိနေပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်ဟာ သူအုပ်စိုးထားနိုင်တဲ့ဒေသက လူတွေကို ဒီ (၅)နှစ်အတွင်းမှာ နည်းမျိုးစုံနဲ့ တစ်ရစ်ပြီးတစ်ရစ် ဝက်အူရစ်သလို ကြပ်တည်းလာအောင် လုပ်နေခဲ့တယ်။ အဓိက ရည်ရွယ်ချက်ကတော့ လူတွေဟာ စီးပွားရေး၊ လူမှုရေးပြဿနာတွေ ပိုပိုတိုးလာလေ၊ သူတို့ကို တော်လှန်မယ့်သူတွေ တစ်စစ ပိုနည်းလာလေ ဆိုတဲ့အချက်ပါပဲ။ ဒီ (၄)နှစ်တာအတွင်းမှာ စီးပွားရေး တဟုန်ထိုးကျလို့ ကုန်စျေးနှုန်း ၂-ဆ၊ ၃-ဆ တက်လာပေမယ့် လုပ်ခလစာတွေက လွန်ခဲ့တဲ့ (၄)နှစ်ကအတိုင်းပဲဖြစ်နေတာ၊ မူးယစ်ဆေးဝါးတွေကို လွယ်လွယ်ကူကူ အသုံးပြုခွင့်ပေးထားတာ၊ မြို့တွေ၊ ရွာတွေထဲမှာ စစ်တပ်လက်ကိုင်တုတ်ဖြစ်တဲ့ လူမိုက်ဂိုဏ်းတွေ ရမ်းကားနေတာ စတာတွေ ပိုများလာပါတယ်။ ဒီတော့ လူငယ်တွေကလည်း ဒီလို နိစ္စဒူဝပြဿနာတွေကြားမှာ အဆင်ပြေအောင် နေထိုင်နေရတဲ့အတွက် သူတို့အပေါ်ဖိနှိပ်နေတာကို လွတ်လွတ်လပ်လပ်ဝေဖန်ပြောဆိုဖို့တောင် အာရုံမရ ဖြစ်လာကြပါတယ်။
အထူးသဖြင့် အနုပညာသမားတွေကို မြန်မာစစ်တပ်က တင်းတင်းကြပ်ကြပ်ကို ကန့်သတ်မှုတွေလုပ်ထား ပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေ၊ မြန်မာပြည်တွင်းကအခြေအနေတွေကို လွတ်လပ်စွာပြောဆိုခွင့် မရအောင် ဆင်ဆာတွေအဆင့်ဆင့်တင်းကျပ်ထားပါတယ်။ “ခုက ဆင်ဆာတောင်မဟုတ်တော့ဘူး။ သူတို့မကြိုက်တာ မြင်တာနဲ့ကိုလိုက်ဖမ်းနေတာလေ။ သူတို့ကတော့ရှင်းတယ်၊ ဘာပုဒ်မ၊ ညာပုဒ်မ တွေလုပ်မနေတော့ဘူး။ အရင်ဖမ်းတယ်။ ပြီးရင် နိုင်ငံဂုဏ်သိက္ခာညှိုးနွမ်းစေမှု ပေါ့” လို့ ဘန်ကောက်အခြေစိုက် မြန်မာလူမျိုး ရုပ်ရှင်ပရိုဂျူစာတစ်ဦးဖြစ်တဲ့ စု ကတော့ပြောပါတယ်။ စုဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူမရဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဘန်ကောက်ကို ပြောင်းရွှေ့လာတဲ့သူဖြစ်ပါတယ်။ “အထဲမှာကျန်နေတဲ့ အနုပညာရှင်တွေအတွက်ကျတော့ တစ်ခုခုလွတ်လွတ်လပ်လပ်ပြောချင်ရင် နိုင်ငံပြင်ထွက်မှရမယ်။ အထဲမှာပဲ ဆက်နေမယ်ဆိုရင်တော့ တစ်ခုခုပြောမယ်ဆို အန္တရာယ်ရှိမယ်ပေါ့။ ဒီတော့ မထူးဇာတ်ခင်းပြီး သူတို့ (စစ်တပ်) အလိုကျ ငြိမ်နေလိုက်ကြရတာပေါ့” လို့ သူမကဆက်ပြောပါတယ်။ စု ပြောသလိုပါပဲ .. အဖြစ်မှန်တွေကို ထိရောက်မှုအရှိဆုံး ထုတ်ဖော်ပြောဆို လွှမ်းမိုးနိုင်တဲ့ ပြည်တွင်းနေ အနုပညာသမား တွေဟာ နီးရာဓါးကို ကြောက်နေရတဲ့အတွက် ဖိနှိပ်မှုကြားမှာပဲ လိုက်လျောညီထွေဖြစ်အောင် မတတ်သာဘဲ နေလိုက်ရပါတော့တယ်။
တစ်ချိန်တည်းမှာပဲ လူငယ်အများစုရဲ့ နေ့စဉ်ဘဝက အမြဲတစေ မွန်းကြပ်၊ ကျပ်တည်းနေတာကြောင့် ထွက်ပေါက်ရှာရင်း လွယ်လွယ်ရတဲ့မူးယစ်ဆေးစွဲတဲ့ပြဿနာတွေ၊ မိန်းကလေးတွေ ဆိုရင်လည်း ငွေရှာရခက်ခဲလာတော့ ပြည့်တန်ဆာလုပ်ငန်းတွေမှာ ဝင်လုပ်ရင်း မရုန်းထွက်နိုင်တော့တာတွေ အများကြီးဖြစ်လာပါတယ်။ ဒီလိုကိစ္စတွေက စစ်တပ်အတွက်တော့ သူတို့အကြိုက်ပါပဲ။ ဒီလို နေ့စဉ်ဘဝမှာ ရုန်းကန်ရလေလေ၊ သူတို့ကို တော်လှန်မယ့်သူ၊ ဝေဖန်ပြောဆိုမယ့်သူ နည်းလေပါပဲ။ “မြန်မာပြည်က လူတွေကျတော့ လှောင်အိမ်ထဲကငှက်လေးတွေလိုပဲ။ အပြင်မှာဘာဖြစ်သလဲဆိုတာလည်း စိတ်မဝင်စားနိုင်တော့ဘူး။ လှောင်အိမ်ထဲမှာပဲ ဘယ်လိုရှင်သန်အောင်နေရမလဲပဲ တွေးတော့တာ။သူတို့ (စစ်တပ်)သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေထဲမှာနေရင်း၊ နေရင်းနဲ့ ဒါကြီးကို နေသားကျသွားတာ” လို့ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲနိုင် ဖို့ ထိုင်းနိုင်ငံကိုရှောင်ပြေးလာတဲ့ မြန်မာလူငယ် အိုရီယွန် က သူ့အမြင်ကို ပြောပါတယ်။
နိုင်ငံတွင်းမှာ စနစ်တကျဖိနှိပ်မှုတွေများလာတဲ့အခါ အိုရီယွန်တို့လို တစ်ချို့လူငယ်တွေက နိုင်ငံအပြင်ကိုထွက်ပြီး ဘဝကို ရပ်တည်ဖို့ ကြိုးစားလာကြပါတယ်။ ဒီအချိန်မှာတော့ စစ်တပ်က နောက်တစ်ဆင့်အနေနဲ့ ၂၀၂၃ နှစ်စမှာ စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းလိုက်ပါတော့တယ်။ ဒါဟာ သူတို့စစ်ရေးအရ စစ်သားပြုန်းတီးမှုကို ဖာထေးရာရောက်သလို၊ ပြင်ပနိုင်ငံတွေရောက်သွားပြီး သူတို့ကို ပြန်လည်တော်လှန်မယ့်လူငယ်တွေ အားလျော့သွားအောင် တစ်ဖက်ကလုပ်တဲ့သဘောပါပဲ။ ဒါ့အပြင် နိုင်ငံပြင်ကို တရားဝင်နည်းနဲ့ ထွက်မယ့် လူငယ်တွေကို လေဆိပ်တွေမှာ အတင်းအကြပ်စစ်ဆေးတာ၊ ပေးမထွက်တာ၊ နိုင်ငံကူးလက်မှတ်တွေကို လွယ်လွယ်နဲ့လုပ်မရအောင် တင်းကြပ်တာတွေ လုပ်လာခဲ့ပါတယ်။ ဒီတော့ အတင်းအကြပ်စစ်မှုထမ်းခိုင်းမှာကို ကြောက်လို့ ရှောင်ပြေးတဲ့လူငယ်တွေဟာ တရားမဝင်နည်းနဲ့ ထိုင်းနယ်စပ်ကနေ ခိုးဝင်တာတွေ ဖြစ်လာပါတော့တယ်။ ဒီအခါမှာတော့ ထိုင်းနယ်စပ်စောင့်တပ်က ဖမ်းမိရင်၊ မြန်မာစစ်တပ်လက်ထဲ တည့်တည့်ကြီးပြန်ထည့်ပေးတော့ အဲ့ဒီထွက်ပြေးတဲ့လူငယ်တွေက စစ်တပ်ရဲ့လူသစ်စုဆောင်းခံ တပ်သားတွေ ဖြစ်ကုန်ပါတယ်။ ပြီးရင် လအနည်းငယ်အတွင်းမှာတင် ရှေ့တန်းစစ်မျက်နှာတွေကို ပို့လိုက်တဲ့အတွက် ဘာစစ်ပညာမှ ကောင်းကောင်းမတတ်ထားတဲ့ အဲ့ဒီလူငယ်တွေဟာ ရှေ့တန်းမှာ အသေခံရတဲ့ တပ်သားတွေသာ ဖြစ်သွားရတော့တယ်။
ကဲ … ဒီတော့ စစ်တပ်ရဲ့ တင်းကြပ်မှုတွေကနေ ဖောက်ထွက်ပြီး တခြားနိုင်ငံ (အထူးသဖြင့် ထိုင်းနိုင်ငံ) တွေကို ရောက်သွားတဲ့ လူငယ်တွေကရော။ သူတို့ရဲ့ မကျေနပ်ချက်တွေနဲ့ ဖိနှိပ်ခံရမှုတွေကို လွတ်လွတ် လပ်လပ် ပြောဆိုနိုင်ပြီလား ဆိုတော့လည်း နိုင်ငံရပ်ခြားမှာ တခြားပြဿနာတွေက သူတို့ကို စောင့်ကြိုနေပြန်ပါတယ်။ “ပြင်ပရောက်လာတဲ့ အနုပညာသမားတွေကတော့ သူတို့တတ်နိုင်တဲ့နည်းနဲ့ တစ်ခုခုတော့ ပြောနိုင်အောင် လုပ်နေကြတာပဲပေါ့နော်။ ဒါပေမယ့် အရမ်းအားရစရာတော့ ရှိမနေဘူးပေါ့။” လို့ နိုင်ငံပြင်ပကို ရှောင်တိမ်းလာတဲ့ မြန်မာအနုပညာသမားတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး လက်ရှိ ဆွီဒင်နိုင်ငံမှာ ပြောင်းရွှေ့နေထိုင်နေတဲ့ အဆိုတော်နဲ့ နောက်ခံအသံသရုပ်ဆောင် မာန်မာန်ကတော့ သူမရဲ့အမြင်ကို ပြောပါတယ်။ “မြန်မာ အနုပညာသမားတွေအနေနဲ့ နိုင်ငံတကာကလူတွေ သိနိုင်မယ့်အနေအထားထိ လုပ်နိုင်ရင်တော့ ပိုကောင်းမယ်လို့တော့မြင်တာပေါ့နော်။” မာန်မာန် ပြောသလိုပဲ ပြည်ပရောက်လူငယ်တွေဟာ မြန်မာစစ်တပ်ရဲ့ အာဏာစက်အဝေးကို ရောက်လာသည့်တိုင် သူတို့အသံကို ကမ္ဘာကကြားအောင် ထိထိရောက်ရောက်ပြောနိုင်ဖို့ ခက်ခဲနေဆဲပါ။ ပြည်ပကို တိမ်းရှောင်လာတဲ့ မြန်မာလူငယ်အနုပညာသမားတွေအပါအဝင် လူငယ်အများစုအတွက် အဓိကကတော့ တရားဝင်နေထိုင်ခွင့်ရဖို့ ရုန်းကန်ရတာ၊ အများစု ပြောင်းရွှေ့လာတဲ့ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရဖို့ အင်မတန်ခက်ခဲတာ၊ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ တရားမဝင် အလုပ်လုပ်ရတဲ့အတွက် လစာတွေ ခေါင်းပုံဖြတ်ခံရတာ စတဲ့ပြဿနာတွေဖြစ်လာပြန်ပါတယ်။ ဒီတော့ နိုင်ငံရပ်ခြားမှာ ရပ်တည်နေထိုင်နိုင်ဖို့ ရုန်းကန်နေရတဲ့အတွက် - မြန်မာနိုင်ငံတုံးကလိုပဲ ကိုယ့်နိုင်ငံက စစ်တပ်ကို တွန်းလှန်ဖို့မပြောနဲ့ စားဝတ်နေရေးဖြေရှင်းနေရတာနဲ့တင် အနာဂတ်ပျောက်နေတဲ့ မြန်မာလူငယ်တွေဟာ ဘန်ကောက်၊ ချင်းမိုင်နဲ့ မဲဆောက်လို ထိုင်းမြို့တွေမှာ သန်းနဲ့ချီပြီး ဖြစ်လာပြန်ပါတယ်။
မာတင် ဟာ တက်သစ်စ ဒီဂျေ၊ မြူးဇစ်ပရိုဂျူစာတစ်ယောက်ပါ။ စစ်အာဏာမသိမ်းခင် တက္ကသိုလ်မှာတုံးက ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ အသက် (၂၃)နှစ်အရွယ် မာတင်က တစ်ချိန်က ကြီးမားတဲ့မျှော်လင့်ချက် အိပ်မက်တွေရှိခဲ့ပေမယ့် စစ်ကောင်စီရဲ့ အတင်းအကြပ်စစ်မှုထမ်း ဥပဒေကို ရှောင်တိမ်းရင်း အခုအချိန်မှာတော့ သူဟာ ထိုင်း-မြန်မာနယ်စပ်က မြို့ငယ်တစ်ခုမှာ အောက်ခြေသိမ်း အလုပ်တွေကို လုပ်ပြီး စားဝတ်နေရေးကိုဖြေရှင်းနေရပါတယ်။ “အကြီးဆုံး ရုန်းကန်ရတာကတော့ မြန်မာဖြစ်နေလို့ကို အလုပ်ရှာလို့မလွယ်တာပဲ” လို့ မာတင်ကပြောပါတယ်။ “ဖူးခတ်မှာတုံးက မြန်မာဆိုရင် ဆားဗစ်အလုပ်ကလွဲပြီးဘာမှမရဘူး။ ကျွန်တော်လည်း တခြားအလုပ်တွေလျှောက်တာပဲ။ ဒါပေမယ့် မရဘူး။ မြန်မာမို့လို့တဲ့။ မြန်မာဆိုရင် စားပွဲထိုးရယ်၊ သန့်ရှင်းရေးရယ်၊ လုံခြုံရေးရယ်။ ဒါပဲ။” မာတင်က ထိုင်းနိုင်ငံမှာ သူရင်ဆိုင်ခဲ့ရတဲ့ လူမျိုးရေးခွဲခြားခံရမှု ပြဿနာတွေကို ပြောပြပါတယ်။
ACLED ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံကစစ်ပွဲတွေကြောင့် ၂၀၂၁ ခုနှစ်ကစလို့ လူပေါင်း ၅၀၀၀၀ ကျော် သေဆုံးခဲ့ရပြီး၊ ဒါဟာ အဆိုပါကာလအတွင်း ကမ္ဘာတစ်ဝှမ်းမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် သေဆုံးရတဲ့အရေအတွက်အနက် အမြင့်ဆုံးဖြစ်ပါတယ်။ နောက်ပြီး လက်နက်ကိုင်ပဋိပက္ခတွေအကြောင့် တိုက်ရိုက်ထိခိုက်သေဆုံးရတဲ့ အရပ်သားပြည်သူအရေအတွက်မှာ မြန်မာနိုင်ငံဟာ ပါလက်စတိုင်း၊ နိုင်ဂျီးရီးယားနဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွေရဲ့နောက် စတုတ္ထနေရာမှာရှိနေပါတယ်။ ဒါပေမယ့်လည်း မြန်မာ့အရေးကိစ္စအပေါ် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုနဲ့ ပါဝင်ကူညီမှုက တစ်စထက်တစ်စ လျော့ကျလာတာမြင်ရပါတယ်။ အထူးသဖြင့် ပထဝီနိုင်ငံရေးအရ အလှမ်းဝေးတဲ့နိုင်ငံဖြစ်တဲ့အတွက် ဒီမိုကရေစီထွန်းကားပါတယ်ဆိုတဲ့ အနောက်နိုင်ငံအများစုဟာ သူတို့ရဲ့အကျိုးစီးပွားမပါတဲ့အတွက် ထိရောက်တဲ့ကူညီမှုတွေ၊ ထုတ်ဖော်ပြောဆိုမှုတွေဟာ တခြားအရေးတွေထက် သိသိသာသာ နည်းပါးနေပါတယ်။ “နိုင်ငံထဲမှာဘယ်လောက်ပဲ Atrocities တွေရှိရှိ၊ မြန်မာနိုင်ငံအကြောင်း အနောက်ကမ္ဘာက ဘာမှပြောမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံကိုက သူတို့အနောက်ကမ္ဘာအတွက် အကျိုးမရှိဘူးလေ” လို့ မာတင်က သူ့ခံစားချက်ကို ဆက်ပြောပါတယ်။ ဒီလိုအချက်တွေကပဲ မြန်မာစစ်တပ်အတွက် အားသာချက်လိုဖြစ်လာပြီး သူတို့စိတ်ထင်သလို လုပ်ခွင့်ရနေတာဖြစ်ပါတယ်။ မာန်မာန်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး “ကိုယ်နိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြင်ပနိုင်ငံတွေဆီက အကူအညီဘာမှမရဘူး။ ကိုယ့်နိုင်ငံအတွက် ကိုယ်ကိုယ်တိုင်ပဲ လုပ်ရမယ်ဆိုတဲ့ စိတ်ကြီးတော့ ဖြစ်လာခဲ့တယ်” လို့ သူမရဲ့အမြင်ကိုပြောပြပါတယ်။ တကယ်တော့ ဒီလိုဖြစ်နေတာဟာ အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀) နီးပါးအတွင်းမှာ ဒီအချက်ကိုပဲ အခွင့်ကောင်းယူပြီး မြန်မာစစ်တပ်အနေနဲ့ လုပ်ချင်တိုင်းလုပ်ခွင့် ရနေတာဖြစ်ပါတယ်။
ကျွန်တော့်ရဲ့တစ်ကိုယ်ရေစာအမြင်ကတော့ - မိန်းစထွင်းမီဒီယာတွေပေါ်မှာ ပြောဆိုနေကြတဲ့ ယူကရိန်းနဲ့ ပါလက်စတိုင်းအရေးတွေသည် အရေးအင်မတန်ကြီးသလိုပဲ၊ မြန်မာ့အရေးဟာလည်း လူသားချင်း စာနာထောက်ထားမှုနဲ့ လူအခွင့်အရေးရှုထောင့်ကကြည့်ရင်ကို မျက်ကွယ်ပြုမထားသင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ သူတို့ရဲ့ဆိုးရွားတဲ့လုပ်ရပ်တွေအပေါ် လွတ်လပ်စွာဝေဖန်ပြောဆို ခွင့်မရအောင်၊ ပြောဆိုဖို့အတွက်အခွင့်အလမ်းမရှိအောင် ပြည်တွင်းမှာအမျိုးမျိုးသောနည်းလမ်းတွေကို သုံးပြီး ဖိနှိပ်ထားသလို၊ ပြည်ပရောက်လူငယ်အများစုဟာလည်း အမျိုးမျိုးသောအကြောင်းအရင်းတွေကြောင့် လူအများအာရုံစိုက်လာသည်အထိ ထုတ်ဖော်ပြောဆို နိုင်စွမ်းမရှိဖြစ်နေခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ ဆောင်းပါးအစမှာ ပြောခဲ့သလိုပါပဲ။ လူတိုင်းမလွတ်မြောက်သေးသရွေ့၊ ဘယ်သူမှမလွတ် မြောက်သေးပါဘူး။ ဒီတော့ နိုင်ငံတကာက လူငယ် Activist တွေ၊ Impact တစ်စုံတစ်ရာရအောင် လုပ်နိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာလူငယ်နဲ့အတူရပ်တည်ပြီး မြန်မာ့အရေးကို နိုင်ငံတကာစင်မြင့်ထက်မှာ အခုထက်ပိုပြီး ပြောပေးဖို့၊ လူအများစုပိုပြီးသိလာအောင် ကြိုးစားပေးကြဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ယူကရိန်းမလွတ်မြောက်သရွေ့ ဘယ်သူမှမလွတ်မြောက် သေးပါဘူး။ ပါလက်စတိုင်းမလွတ်မြောက်သရွေ့ ဘယ်သူမှမလွတ်မြောက်သေးပါဘူး။ မြန်မာနိုင်ငံသားတွေ မလွတ်မြောက်သရွေ့ ဘယ်သူမှမလွတ်မြောက်သေးပါဘူး။ ကျွန်တော်တို့တွေအတူ အမှန်တရားအတွက် ရပ်တည်ကြပါမယ်။ ဒါမှသာ ပိုပြီးသာယာတဲ့၊ အေးချမ်းတဲ့ ကမ္ဘာတစ်ခုကို ကျွန်တော်တို့ အတူတည်ဆောက်နိုင်မှာဖြစ်ပါတယ်။